When should we teach our children about sex education?

Sex Education ကို စသင်ပေးတော့မယ့် ဖေဖေမေမေတို့အတွက် ခေါင်းရှုပ်ရမယ့် ဆုံးဖြတ်ချက်တစ်ခုက ဘယ်အရွယ်ကနေ စပြီး သင်ပေးရမလဲ ဆိုတာပါပဲ။

 

တကယ်တော့ လိင်ပညာပေးတယ်ဆိုတာ ၁ ကြိမ်တည်းနဲ့ အပြတ်သင်လို့ရတဲ့ လပြတ်သင်တန်းတွေရဲ့ သင်ခန်းစာမျိုး မဟုတ်ပါဘူး။ အဲ့အတွက် ကလေးရဲ့ အသက်အရွယ်ပေါ်လိုက်ပြီး နားလည်နိုင်စွမ်းပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဆီ သင်သွားတာက ပိုပြီး ထိရောက်ပါတယ်။ လေ့လာချက်တွေအရ စကားစပြောနိုင်တဲ့ အရွယ် (၂ နှစ်မှ ၃ နှစ်ဝန်းကျင်) ကတည်းက စတင်လို့ရတယ်ဆိုတာကို သိထားပြီးရင် အောက်ပါအတိုင်း ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို သင်ပေးလို့ ရပါတယ်။

 

🧑‍🏫 အသက် (၂) နှစ်မှ (၅) နှစ်အတွင်း

 

ဒီအသက်အရွယ်မှာ လိင်အကြောင်းကို သင်ပေးတာထက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို နားလည်လာအောင် သင်ပေးရမှာပါ။ လိင်အင်္ဂါအစိတ်အပိုင်းတွေကို ရှက်စရာ၊ နိမ့်ကျတဲ့အရာလို့ မမြင်စေဘဲ လက်တွေ၊ ခြေထောက်တွေလို သာမန်ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်ကြောင်း၊ သူတို့ကို သင့်တော်တဲ့ နာမည်တစ်ခုခုနဲ့ အခေါ်အဝေါ်သတ်မှတ်ပေးတာမျိုး၊ အဝတ်အစားလဲရင် တံခါးပိတ်ရမယ်၊ လူရှေ့မှာ အဝတ်မချွတ်ရဘူး စသဖြင့် ကိုယ့်ခန္ဓာကိုယ်က ကိုယ်ပိုင်ဖြစ်တာကြောင့် လုံခြုံအောင် ဘယ်လိုနေရမယ်ဆိုတာမျိုးတွေနဲ့ အတွင်းခံဝတ်ထားတဲ့နေရာတွေကို ဘယ်သူမှ ကိုင်တွယ်ခွင့်မရှိဘူးဆိုတာမျိုး သင်ကြားပေးထားရင် အကောင်းဆုံးပါ။

 

🧑‍🏫 အသက် (၆) နှစ်မှ (၉) နှစ်အတွင်း

 

ဒီအရွယ်မှာတော့ ကလေးတွေက စပ်စုတတ်လာပါပြီ။ ကလေးတွေ ဘယ်လိုမွေးလာတာလဲဆိုတဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ နားရှုပ်စေမယ့် သိပ္ပံအခေါ်အဝေါ်တွေနဲ့ လက်တလောအဖြေရရင် ပြီးရောဆိုပြီး အဖြေတွေလျှောက်ပေးမယ့်အစား “ဖေဖေနဲ့ မေမေက အရမ်းချစ်ကြလို့ ဗိုက်လေးထဲမှာ မျိုးစေ့လေးတစ်ခု ဖြစ်လာပြီး အဲ့ကနေ သားသားမီးမီးတို့ ဖြစ်လာတာ” ဆိုတာမျိုး ကလေးတွေနားလည်လွယ်မယ့် စကားလုံးလေးတွေနဲ့ ဖြေဆိုသင့်ပါတယ်။ ဒါ့အပြင် ဘယ်လို အထိအတွေ့မျိုးက မသင့်တော်တဲ့ ကိုင်တွယ်မှု (Bad Touch) လဲဆိုတာကို သိအောင်သင်ပေးတာမျိုး၊ တစ်ယောက်ယောက်က Bad Touch တွေ လုပ်လာရင် “မကိုင်နဲ့” လို့ ငြင်းတတ်အောင်၊ လူကြီးတွေကို ပြန်ပြောပြတတ်အောင် သင်ပေးတာမျိုးတွေ ဒီအရွယ်မှာ စပြီးသင်လို့ ရပါပြီ။

 

🧑‍🏫 အသက် (၁၀) နှစ်နှင့် အထက်

 

Puberty Hit တဲ့ အရွယ်ဖြစ်တာကြောင့် လူပျို/အပျိုဖော်ဝင်တဲ့အခါ ဘာတွေပြောင်းလဲလာလဲဆိုတာကို သင်ကြားပေးရမယ့် အသက်အရွယ် ဖြစ်လာပါပြီ။ ရင်သားတွေဖွံ့ဖြိုးလာတာ၊ ဓမ္မတာလာတာ၊ အသံတွေပြောင်းလာတာ၊ အမွေးအမျှင်တွေ ထွက်လာတာမျိုးဟာ သဘာဝဖြစ်ကြောင်း၊ ရှက်စရာမလိုကြောင်းကို စတင်ပြောပြလို့ ရပါပြီ။
ဒါ့အပြင် သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ (Privacy) နဲ့ ခန္ဓာကိုယ်ကို လေးစားဖို့၊ ခွင့်ပြုချက်မရဘဲ မထိရဘူးဆိုတာတွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ပြောပြလို့ ရပါပြီ။
အရေးကြီးဆုံးကတော့ မိဘတွေကိုယ်တိုင်က ဒါကိိုရှက်စရာလို့ မတွေးဘဲ ကျန်းမာရေးနဲ့ ကိုယ့်သားသားမီးမီးရဲ့ ဘေးကင်းရေးအတွက် လိုအပ်တဲ့ ဗဟုသုတလို့ ခံယူထားဖို့ အရေးကြီးပါတယ်။ ကလေးတွေမေးလာတဲ့ မေးခွန်းတိုင်းကို “အသက်ကြီးလာရင် သိလာလိမ့်မယ်” ဆိုတာမျိုးနဲ့ ရှောင်ဖို့ မကြိုးစားဘဲ သူတို့နားလည်နိုင်မယ့် အဆင့်ကို ပြောပြပေးပါ။ ❤️

Add a Comment

Your email address will not be published.