Sex Education and Parenting
အခုဆိုရင် ကျောင်းတွေတော်တော်များများမှာ ကလေးသူငယ်တွေကို သူတို့ရဲ့ အသက်အရွယ်နဲ့လိုက်တဲ့ Sex Education တွေကို Educate လုပ်ပေးလာကြတာကို သိကြမှာပါ။ ဒါပေမဲ့ တချို့မိဘတွေက ဘာလို့ ဒီအရာကို သင်ပေးဖို့ တွန့်ဆုတ်နေကြတာလဲ။
အာရှမိဘတွေ (မြန်မာအပါအဝင်) လိင်ပိုင်းဆိုင်ရာ အသိပညာပေးဖို့ တွန့်ဆုတ်ရတဲ့အကြောင်းအရင်းကတော့ ရာစုနှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှု ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးတွေကြောင့်လို့ ယေဘုယျ ပြောလို့ရပါတယ်။
အဓိက အချက်တွေကို ကြည့်မယ်ဆိုရင် –
အာရှယဉ်ကျေးမှုမှာ လိင်ကိစ္စဆိုတာ ညစ်ပတ်တယ်၊ ကလေးတွေ မသိသင့်ဘူးလို့ သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကို လူသိရှင်ကြားပြောဆိုတာ၊ သားသမီးနဲ့ မိဘ ဆွေးနွေးတယ်ဆိုတာမျိုးဟာ ရိုင်းတယ်လို့လည်း မြင်ကြပါတယ်။
အဖြစ်အများဆုံးနဲ့ မိဘတွေ အကြောက်ဆုံးအရာလို့လည်း ပြောလို့ရပါတယ်။ ကလေးတွေကို ဒါတွေသင်ပေးလိုက်ရင် ကလေးကပိုပြီးတော့ လက်တွေ့စမ်းသပ်ချင်လာပြီး စောစောစီးစီး လိင်မှုကိစ္စတွေနဲ့ ထိတွေ့သွားမှာကို ကြောက်တတ်ကြပါတယ်။တကယ်သေချာစဉ်းစားကြည့်ရင် ဗဟုသုတ မရှိခြင်းကသာ ကလေးကို ပိုပြီး အန္တရာယ်ဖြစ်စေတာပါ။
မိဘတွေကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက Sex Education ဆိုတာကို စနစ်တကျသင်ယူခဲ့ရတာ မဟုတ်တဲ့အတွက် ကလေးတွေကို ပြန်လည်ပျိုးထောင်တဲ့အချိန်ကို ရောက်တဲ့အခါ ဘယ်လိုစကားလုံးမျိုး သုံးပြီးတော့ သင်ပေးရလဲဆိုတာ မသိကြပါဘူး။ မပြောတတ်တဲ့အတွက် မပြောတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်လိုက်ကြတာမျိုးပါ။
အာရှမိဘတွေရဲ့ အဓိကပြဿနာဟာ သူတို့သားသမီးတွေကို ဘယ်လောက်ပဲ အရွယ်ရောက်ရောက် ကလေးလို့ပဲ မြင်ချင်ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပြောပြလိုက်ရင် သူတို့ရဲ့ “ဖြူစင်မှု (Innocence)” ပျောက်ဆုံးသွားမှာကို ကြောက်ရွံ့တတ်ကြတာကလည်း တစ်ခုအပါအဝင်ပါပဲ။
သတိထားသင့်တဲ့အချက်တွေကတော့…
မိဘကိုယ်တိုင် မသင်ပေးလည်း ကလေးတွေက တစ်နည်းနည်းနဲ့ မှားယွင်းတဲ့ အသိပညာတွေကို ရရှိသွားနိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ကိုယ့်ရင်သွေးငယ်လေးတွေကို တခြားနေရာကနေ အမှားတွေကို အမှန်လို့ ထင်မှတ်ပြီး တိတ်တဆိတ် သင်ယူသွားတာမျိုး မဖြစ်သွားအောင်လို့ မိဘတွေကိုယ်တိုင် Educate လုပ်ပေးခြင်းကသာ လုံခြုံမှုရှိပြီး အရမ်းထိရောက်တဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဒ်ပဲ ဖြစ်ပါတယ်။ 