Improving Your Child’s Emotional Intelligence
ကလေးတွေရဲ့ Emotional Intelligence က ဘယ်လောက်အရေးကြီးလဲဆိုတာကို အရင်အပတ်က ဖော်ပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာ ကလေးတွေရဲ့ Emotional Intelligence ကို ဘယ်လိုမြှင့်တင်ပေးရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
စိတ်ခံစားချက်တွေကို အသိအမှတ်ပြုပေးပါ
ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို ဂရုမစိုက်ဘဲ မသိချင်ယောင်ဆောင်တာ၊ ပစ်ပယ်တာမျိုးမလုပ်ဘဲ အသိအမှတ်ပြုပေးသင့်ပါတယ်။
ခံစားချက်တွေကို အမည်တပ်နိုင်အောင် ကူညီပေးပါ
ကလေးတွေကို “သား ဒေါသထွက်နေတယ်”၊ “သမီး အရမ်းကြောက်နေတယ်” စသည်ဖြင့် သူတို့ခံစားနေရတဲ့ ခံစားချက်တွေကို “ဘာဖြစ်နေလဲ” ဆိုတာကို သိနိုင်အောင်၊ ဘာကို ခံစားနေရလဲဆိုတာ အမည်တပ်ပြီး ထုတ်ပြောနိုင်အောင် ကူညီပေးပါ။
ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် သင်ပေးပါ
စိတ်ဆိုးနေချိန်၊ ကြောက်ရွံ့နေချိန်၊ ဝမ်းနည်းနေချိန်မှာ အခြားနည်းတွေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် သင်ကြားပေးပါ။
ဥပမာ – စိတ်လျှော့သွားအောင်လုပ်ပေးတာ၊ စိတ်အပြောင်းအလဲဖြစ်အောင် ပုံဆွဲခိုင်းတာ၊ အသက်ကို ခပ်ပြင်းပြင်းရှူခိုင်းတာမျိုး လုပ်ဆောင်တတ်လာအောင် သင်ကြားပေးပါ။
အခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်နိုင်အောင် လေ့ကျင့်ပေးပါ
အခြားသူတွေလည်း မတူညီတဲ့ခံစားချက်တွေရှိနိုင်တယ်ဆိုတာကို သင့်ကလေးကို တွေးတောလာနိုင်အောင် လမ်းပြပေးပါ။
ပြဿနာကို အပြန်အလှန်ဖြေရှင်းနိုင်အောင် ညွှန်ပြပါ
ပြဿနာတွေဖြစ်တဲ့အခါမျိုးမှာ နှစ်ဦးနှစ်ဖက်စလုံး အဆင်ပြေနိုင်တဲ့ Win-Win ဖြစ်မယ့် ဖြေရှင်းနည်းမျိုးကို စဉ်းစားတတ်လာအောင် ညွှန်ပြပေးပါ။
နောက်ဆုံးအချက်ကတော့ မိဘတွေကိုယ်တိုင် ကလေးတွေ စံထားရတဲ့ Role Model တစ်ယောက် ဖြစ်နေဖို့ပါပဲ။
ကလေးဆိုတာ မိဘတွေဆီက အကျင့်စရိုက်တွေကို လက်ခံကူးစက်တတ်တာမို့ မိဘဖြစ်တဲ့ ကိုယ်ကိုယ်တိုင်က စိတ်ခံစားချက်တွေကို သိအောင်လုပ်ပြတာ၊ ကိုယ့် ခံစားချက်တွေကို ထိန်းချုပ်ပြတာမျိုး ကလေးတွေ အတုယူတတ်လာအောင် နေထိုင်ပြသင့်ပါတယ်။