Replacing Your Child’s Screentime With Fun Activities
အင်တာနက်နဲ့ နည်းပညာကနေ ကလေးတွေအတွက် ကောင်းကျိုးတွေ အများကြီး ဖြစ်စေနိုင်သလို၊ မကောင်းတဲ့အချက်တွေကြောင့် ဖုန်းပေးမသုံးချင်ဘူးဆိုတဲ့ ဖေဖေ မေမေတို့လည်း ရှိကြပါတယ်။
ဟုတ်ပြီ ဒါဆိုရင် ဖုန်းပေးမသုံးပေမဲ့ ကိုယ့်ရဲ့ ကလေးကို အခြားနည်းလမ်းတွေနဲ့ Edutainment ဘယ်လိုလုပ်ရမလဲဆိုတာလေး သိထားရင် ပိုပြည့်စုံသွားတာပေါ့။
စာဖတ်တဲ့အလေ့အထကို အကျင့်ရအောင် လုပ်ပေးပါ။ စာဖတ်တာကို အလုပ်တစ်ခုလို လုပ်ခိုင်းတာထက် ဝါသနာတစ်ခုလို ဖြစ်လာအောင် လုပ်ပေးတာက ကလေးတွေကို စာပေအနုပညာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိလာစေပါတယ်။
နောက်တစ်ခုကတော့ Puzzles games, Chess လိုမျိုး Board games စတဲ့ ဦးနှောက်ကို အသုံးချရလို့ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတဲ့ ဉာဏ်ရည်မြင့်စေတဲ့ ကစားနည်းတွေကို ထိတွေ့ပေးပါ။
ကလေးတွေကို ကိုယ်လက်လှုပ်ရှားပြီး ဆော့ကစားခွင့်ပေးတာကလည်း ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးရာ ရောက်ပါတယ်။ အိမ်ထဲမှာပဲ သီချင်းလေးတွေနဲ့ အတူတူကခုန်တာ၊ ပုန်းတမ်းတိုးတမ်း ကစားတာမျိုးက ကလေးကို ပျော်ရွှင်စေသလို ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုလည်း အများကြီး ထောက်ကူပြုပါတယ်။
ဒါ့အပြင် ညနေခင်းတွေမှာ ဖုန်းကို ခဏချထားပြီး ကလေးနဲ့အတူ အပြင်ထွက် လမ်းလျှောက်တာ၊ ပန်းပင်လေးတွေ အတူစိုက်တာ ဒါမှမဟုတ် ပန်းခြံထဲမှာ သဘာဝတရားနဲ့ ထိတွေ့ခွင့်ပေးတာမျိုးက သူတို့ရဲ့ စူးစမ်းလိုစိတ်ကို ပိုမိုနှိုးဆွပေးနိုင်ပါတယ်။ မိသားစုနဲ့အတူတူ ပြေးလွှားဆော့ကစားတာဟာ ကလေးတွေအတွက်တော့ ဘယ်ဖုန်းဂိမ်းနဲ့မှ မလဲနိုင်တဲ့ ပျော်ရွှင်စရာ သင်ယူမှုတွေပဲ ဖြစ်ပါတယ်။
ဖုန်းမရှိဘဲနဲ့လည်း ဖေဖေမေမေတို့ရဲ့ မေတ္တာနဲ့ အချိန်ပေးမှုတွေက ကလေးတွေကို ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ လူတော်လေးတွေဖြစ်အောင် ပျိုးထောင်ပေးချင်ရင် ဒီလိုမျိုးလေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ပါတယ်။