Classroom Fights

စာသင်ခန်းထဲမှာ ရန်ဖြစ်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။

 

ကလေးတွေဆိုတော့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်တဲ့အရွယ် မဟုတ်သေးတာရယ်၊ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးချင်ကြတာရယ်ကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်ပွားတယ်ဆိုတာ အတန်းတိုင်းမှာ မကြာခဏ ကြုံလေ့ရှိကြတဲ့ ပြဿနာတစ်ခုပါ။

 

ဒါပေမဲ့ ဒီလိုပွတ်တိုက်မှုလေးတွေကြောင့် အတန်းထဲက ချစ်စရာကောင်းတဲ့ ပျော်စရာရပ်ဝန်းလေးတစ်ခု ပျက်စီးသွားနိုင်ပြီး ကလေးနှစ်ယောက်ကြားနဲ့ ကလေးမိဘတွေကြားမှာလည်း နောက်ဆက်တွဲ လူမှုရေးပြဿာနာလေးတွေ ဖြစ်လာနိုင်ပါတယ်။

 

ဒါကြောင့်မို့ ဒီလိုအခြေအနေမျိုး ကြုံတွေ့လာတဲ့အခါ ကလေးတွေကို အပြစ်တင်တာမျိုး မလုပ်ဘဲ အောက်ပါအတိုင်း အဆင့်ဆင့် ကိုင်တွယ်သင့်ပါတယ်။

 

🔸အခြေအနေကို တည်ငြိမ်သွားအောင်လုပ်ပါ။

 

ရန်ဖြစ်နေတာကို ရပ်သွားအောင် ကလေးတွေကို ခွဲထားလိုက်ပါ။ အခြေအနေပိုဆိုးသွားအောင် အသံကိုမြှင့်မပြောဘဲ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကလေးတွေကို စိတ်လျှော့သွားဖို့ စကားပြောပေးပါ။

 

🔸နှစ်ဖက်လုံးကို နားထောင်ပါ

 

ဒါအရေးကြီးပါတယ်။ ရန်ဖြစ်ရခြင်းနောက်ကွယ်မှာ သူ့ဘက်၊ ကိုယ့်ဘက် ဇာတ်လမ်းလေးတွေ၊ အမြင်လေးတွေ ရှိတတ်ပါတယ်။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို တန်းပြီးတော့ ဆုံးဖြတ်ဖို့ထက် “ဘာဖြစ်ခဲ့လဲ” ဆိုတာကို မေးပါ။

 

🔸ခံစားချက်ကို အသိအမှတ်ပြုပါ

 

စိတ်ဆိုးနေတာ၊ ဝမ်းနည်းသွားတာ၊ ဒေါသထွက်နေကြတာကို နားလည်ကြောင်း ပြပေးပါ။

 

🔸အပြုအမူနဲ့ အကျိုးဆက်ကို ရှင်းပြပါ

 

ရန်ဖြစ်တယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါကြောင့် ရန်ဖြစ်လိုက်ရင် သူငယ်ချင်းဆက်ဆံရေးတွေအပြင် အတန်းထဲက ပျော်စရာကောင်းတဲ့ အခြားအခြေအနေလေးတွေပါ နောက်ဆက်တွဲအနေနဲ့ ပျက်စီးသွားနိုင်ကြောင်း ရှင်းပြပါ။

 

ရန်ဖြစ်ရင် လက်ပါတာမျိုး၊ ပစ္စည်းတွေနဲ့ ထိခိုက်အောင်လုပ်ပြီး တစ်ဖက်လူကို အနိုင်ယူတာမျိုးက အဖြေမဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရသေးတယ်ဆိုတာကို ရှင်းပြနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

 

🔸ပြန်လည်ညှိနှိုင်းအောင်လုပ်ပါ

 

မတောင်းပန်ချင်တဲ့ကလေးကို ပိုစိတ်ဆိုးသွားအောင် အတင်းမတောင်းပန်ခိုင်းဘဲ နားလည်လာအောင် ဦးဆောင်ပေးရပါမယ်။ နောက်ဒါမျိုးထပ်မဖြစ်အောင် ဘယ်လိုနေကြမယ်ဆိုတာမျိုး သဘောတူညီမှုလေးတစ်ခု ရသွားဖို့ ဆရာ၊ ဆရာမတွေက ကလေးတွေခေါင်းထဲကိုရောက်အောင် သေချာလေး ရှင်းပြပေးပါ။

 

🔸ထပ်မဖြစ်အောင် ကာကွယ်ပါ

 

ဒီလိုမျိုး ပြဿနာမျိုး ထပ်မဖြစ်အောင် စာသင်ခန်းထဲက စည်းကမ်းလေးတစ်ချို့ကို ပြောင်းလဲသင့်ရင်လည်း ပြောင်းလဲရပါမယ်။ စည်းကမ်းချက်တွေရှိပြီးသားဆိုရင်လည်း ကလေးတွေကို ပြန်သတိပေးတာမျိုး လုပ်ပေးပါ။ ဒါပေမဲ့ ဒီလိုပြဿနာမျိုး အမြဲတမ်းပြန်ဖြစ်နေပြီဆိုရင်တော့ ကလေးမိဘတွေကို ခေါ်ယူပြီးတော့ သေချာတိုင်ပင်ဆွေးနွေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။

 

ဒါမှလည်း ပျော်စရာကောင်းပြီး လုံခြုံတဲ့ ရပ်ဝန်းလေးတစ်ခုကို ဖန်တီးနိုင်မှာပါ…။

 

🌞 Smart English Starts Young — Ivy Makes It Happens! 🌞

Add a Comment

Your email address will not be published.