What is the “Silent Period”?

သားသားမီးမီးတို့ အင်္ဂလိပ်စာသင်တဲ့အခါ မိဘတွေ အမေးများဆုံးမေးခွန်းက “ပြောတာတွေတော့ အကုန်နားလည်နေပါပြီ၊ ဘာလို့ ကောင်းကောင်း ပြန်မပြောတာလဲ” ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ ကလေးတွေ ဒုတိယဘာသာစကား သင်ယူတဲ့အခါ ဖြတ်သန်းရလေ့ရှိတဲ့ “Silent Period” လို့ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။

ကလေးက စကားပြန်မပြောသေးပေမဲ့ သူ့ဦးနှောက်ထဲမှာတော့ ကြားသမျှကို မှတ်သားတာ၊ ဝါကျတည်ဆောက်ပုံကို လေ့လာတာနဲ့ စကားလုံးတွေ စုဆောင်းတာကို အဆက်မပြတ် လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ကလေးက ချက်ချင်းပြန်မပြောလို့ ဘာတိုးတက်မှုမှ မရှိဘူးဆိုပြီး စိုးရိမ်စရာမလိုပါဘူး။

ဒါပေမဲ့ ဒီလိုအခြေအနေမှာ မိဘတွေက “ဒါက ဘာလဲ၊ ဟိုဟာကကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ” ဆိုပြီး အတင်းမေးမြန်းတာ၊ ဒါမှမဟုတ် တခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြီး ဖိအားပေးတာမျိုးက ကလေးကို ပိုပြီးစိုးရိမ်စိတ်ဝင်စေပါတယ်။ စကားပြောဖို့ဆိုတာ နားလည်တာထက် ပိုတဲ့ ယုံကြည်မှုရှိဖို့ လိုအပ်တာပါ။ ကလေးက စကားပြောဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးခင်မှာ အတင်းတွန်းအားပေးမိရင် အင်္ဂလိပ်စာကို စိတ်ဝင်စားမှု လျော့နည်းသွားနိုင်သလို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ကျဆင်းသွားတတ်ပါတယ်။

ဒီအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ဆိုရင် အိမ်မှာ ကလေးကို ဖိအားမပေးဘဲ သဘာဝကျကျ ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ လိုပါတယ်။ ကလေးကို စကားပြောဖို့ အမိန့်ပေးတာမျိုးထက် မိဘကိုယ်တိုင်က ဘေးကနေ အင်္ဂလိပ်စကားလုံးလေးတွေ ညှပ်ပြောပေးတာ၊ သူတို့ မြန်မာလိုပြောတဲ့အရာကို အင်္ဂလိပ်လို ပြန်လည်အတည်ပြုပေးတာမျိုး (ဥပမာ- ကလေးက “ပန်းသီးစားချင်တယ်” လို့ပြောရင် “Oh, you want an apple.” လို့ ပြန်ပြောပေးတာမျိုး) က ပိုထိရောက်ပါတယ်။

ဒီနည်းလမ်းက ကလေးကို အမှားလုပ်မိမှာ မကြောက်တော့ဘဲ စကားလုံးတွေကို ရင်းနှီးကျွမ်းဝင်လာစေပါတယ်။

အနှစ်ချုပ်ရရင် ကလေးတစ်ယောက် စကားပြောလာဖို့ဆိုတာ အချိန်နဲ့ စိတ်ရှည်မှု အများကြီး လိုအပ်ပါတယ်။ ကလေးက နားလည်နေပြီဆိုကတည်းက သင်ယူမှုရဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတာဖြစ်လို့ မိဘတွေအနေနဲ့ စိတ်မလောဖို့ အရေးကြီးပါတယ်။

အတင်းအကျပ် မေးခွန်းထုတ်တာထက် ကလေးရဲ့ အရှိန်အဟုန်အတိုင်း စောင့်ကြည့်ပေးပြီး အပြုသဘောဆောင်တဲ့ အားပေးမှုတွေ လုပ်ပေးမယ်ဆိုရင် မကြာခင်မှာပဲ ယုံကြည်မှုအပြည့်နဲ့ စတင်စကားပြောလာတာကို တွေ့ရမှာပါ။

ဖေဖေမေမေတို့ရော ကိုယ့်ကလေးက အင်္ဂလိပ်စာသင်ယူတဲ့အခါ ဒီလိုမျိုး “နားလည်ပေမဲ့ ပြန်မပြောတဲ့” အခြေအနေမျိုး ကြုံဖူးပါသလား? အိမ်မှာရော ဘယ်လိုမျိုး လေ့ကျင့်ပေးဖြစ်လဲဆိုတာ Comment မှာ အတွေ့အကြုံလေးတွေ မျှဝေပေးခဲ့ပါဦး။

Add a Comment

Your email address will not be published.